ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့ရသည့် ရေဘေးသင့် အိမ်ထောင်စု(၄၀၀)စုအား ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရွှေတောင် အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ စီစဉ်လမ်းညွှန်မှုဖြင့် ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့်ပြောင်းရွှေ့ရသည့် အိမ်ထောင်စုများအနက်မှ ရေဘေးသင့်အိမ်ထောင်စု(၄၀၀)စုအား “မြန်မာကျန်းရှီး ”အထွေထွေကုန်သည်ကြီးများအသင်းမှ ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေတောင်မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး “မြန်မာကျန်းရှီး” အထွေထွေကုန်သည်ကြီးများအသင်းတာဝန်ရှိသူများမှ ရေဘေးသင့်အိမ်ထောင်စု (၄၀၀)စုအတွက် ထောက်ပံ့ငွေ သိန်း(၁၀၀)ကျပ်နှင့် အိမ်ထောင်စုတစ်စုလျှင် (၁)ပြည်ဝင်ဆန်အိတ်(၁)အိတ်၊ ဆီ(၅၀)သားဘူး(၁)ဘူး၊ အသင့်စားခေါက်ဆွဲ(MARMEE) အထုပ်(၃၀)ပါ(၁)ဖာ၊ ကြာဇံ(၈)ထုပ်၊ Shwe Ayar ခေါက်ဆွဲ(၃)ထုပ်နှင့် ရေသန့်(၁၂)ဘူးပါ တစ်ကဒ်စီတို့အား ရေဘေးသင့်အိမ်ထောင်စုများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ရာ “ မြန်မာကျန်းရှီး ” အထွေထွေကုန်သည်ကြီးများအသင်း တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ထို့နောက် “မြန်မာကျန်းရှီး”အထွေထွေကုန်သည်ကြီးများအသင်း တာဝန်ရှိသူများသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်လိုက်ပါ၍ သရက်တောရပ်ကွက်၊ ကြာနီကန်ရပ်ကွက်နှင့် ယွန်းတန်းရပ်ကွက်တို့ရှိ ရေဝင်ရောက်ခဲ့သည့်နေရာများအားကြည့်ရှုခဲ့ပြီး ယွန်းတန်းရပ်ကွက်ရှိ ရွှေမျက်မှန်ဘုရားကြီးအား ဝင်ရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်