မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြုအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မကွေး အောက်တိုဘာ ၁၃

နေပြည်တော်တွင် ကျင်းပမည့်(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီး ကိုယ်စားပြုအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့ ညနေပိုင်းက မကွေးမြို့ရှိ မြို့တော်ခန်းမ၌ကျင်းပရာ ဝါသနာရှင်ပထမတန်းအဆင့် မစုမြတ်နိုးက မြစ်ကြီးဧရာဝတီ တေးသီချင်းဖြင့်ဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။  

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ပြိုင်ပွဲဝင် (၁၅၉)ဦးနှင့် ပံ့ပိုးတီးခတ်ပေးသူ (၂၄)ယောက် စုစုပေါင်း (၁၈၃)ဦး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊  ငွေရတုအထိမ်းအမှတ်ပြိုင်ပွဲဝင်ကြမည့် ပြိုင်ပွဲဝင်များအနေဖြင့် ကိုယ်ယှဉ်ပြိုင်ရမဲ့ဘာသာရပ်တွေကို အနိုင်ရမယ်ဆိုတဲ့ရည်မှန်းချက်ထားပြီး ယှဉ်ပြိုင်ကြမယ်လို့ ယုံကြည်ပါကြောင်း၊  ပြိုင်ပွဲတစ်ခုတွင် အောင်မြင်မှုရယူနိုင်ဖို့အတွက် သက်ဆိုင်ရာပညာရပ်ကို စည်းစနစ်ကျနစွာသင်ကြားနာယူမှု၊ ဇွဲလုံ့လနဲ့လေ့ကျင့်မှု၊ ကျန်းမာခြင်းနဲ့သက်ဆိုင်တဲ့ သက်လုံကောင်းမှု၊ ယှဉ်ပြိုင်တဲ့ပညာရပ်အပေါ်မှာ သာလွန်ကောင်းမွန်တဲ့ ထိုးထွင်းသိမြင်မှုတို့က အဓိကကျပါကြောင်း၊ ရွက်ပုန်းသီးဝါသနာရှင်အဆင့်မှ  အရည်အချင်းရှိတဲ့ ပညာရှင်အဆင့်တွေအထိ တက်လှမ်းနိုင်အောင် ကြိုးစားကြရာမှာဖြစ်ပါကြောင်းနှင့်  ရိုးရာယဉ်ကျေးမှု လက်ဆင့်ကမ်းအမွေကို ကောင်းစွာထိန်းသိမ်းရန်နှင့် အနာဂတ်မျိုးဆက်သစ်များသို့ လွှဲပြောင်းပေးအပ်နိုင်ရန်မှာ မျက်မှောက်ခေတ်မျိုးဆက်တို့၏ အမျိုးသားရေးတာဝန်အပြင် တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ရန်လည်း ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် အောင်ပန်းဆင်နိုင်ရေးအတွက် အောင်နိုင်ရေးအလံအား လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ထံသို့လည်းကောင်း၊ ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များနှင့်အုပ်ချုပ်သူ/နည်းပြများအတွက် ထောက်ပံ့ငွေအား တိုင်းဒေသကြီး ဥပဒေချုပ်ထံသို့လည်းကောင်း ပေးအပ်ခဲ့သည်။

ယင်းနောက် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များက မယ်ဒလင်၊ တစ်ပင်တိုင်အက၊ ရုပ်သေးကြိုးဆွဲအက၊  မဟာဇနကဇာတ်တော်ကြီး၊ ကဗျာလွတ်အက၊ တယာ၊ စန္ဒယား၊ ကွက်စိပ်အပြင် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

ဆက်လက်၍ ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်တွင် ကျင်းပမည့်(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွးရောက်ယှဉ်ပြိုင်မည့် မကွေးတိုင်းဒေသကြီးကိုယ်စားပြုအဖွဲ့အား မကွေးမြသလွန်ဘုရား၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ