ပခုက္ကူမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးတက်ရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်

ပခုက္ကူ အောက်တိုဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးတက်ရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်စုစုခိုင်က  နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းပုံမှန်လည်ပတ်လျက်ရှိသည့် MSME လုပ်ငန်းများကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များအောင်မြင်စွာဆောင်ရွက်ရေး၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခုပေါ်ထွန်းလာစေရေး မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများမှတစ်ဆင့် အငယ်စားနှင့်အလတ်စားလုပ်ငန်းများအဖြစ် ချဲ့ထွင်လုပ်ကိုင်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေး၊ သွင်းကုန်အစားထိုးလုပ်ငန်းများ ပိုမိုထုတ်လုပ်နိုင်ရေးတို့အတွက် သင်တန်းများဖွင့်လှစ်ပေးခြင်း၊ လုပ်ငန်းသုံးပစ္စည်းများ ပံ့ပို့ပေးခြင်းများဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 

ဆက်လက်၍ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးတက်ရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လုပ်ငန်းအမှန်တကယ်ထူထောင်လုပ်ကိုင်မည့်သင်တန်းသူငါးဦးအား တာဝန်ရှိသူများက လုပ်ငန်းသုံးပစ္စည်းများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး သင်တန်းကာလအတွင်း တီထွင်ပြုလုပ်ထားသည့် လက်ရက်ကန်းဒီဇိုင်းများနှင့် သင်တန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၅) ရက်မှ ဩဂုတ်လ (၂၃) ရက်နေ့အထိ အခြေခံသင်တန်းနှင့် စက်တင်ဘာလ (၁) ရက်မှ (၁၅)ရက်နေ့အထိ မွမ်းမံသင်တန်းတို့ဖြင့် သင်တန်းအမျိုးအစားနှစ်မျိုးခွဲဖွင့်လှစ်၍ လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာများကို စာတွေ့လက်တွေ့စနစ်တကျသင်ကြားပို့ချပေးရာ သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)