အုတ်တွင်း အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရေး၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် အသိပညာဗဟုသုတများရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်းပါးရှင် အေးအေးနွဲ့(မြန်မာစာ)ရေးသားသည့် “ကောင်းသောစိတ်ဖြင့်သာ”ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာ ဦးခင်မောင်ချို(ကညွတ်ကွင်း)က လောက၌ အလျင်မြန်ဆုံးသောအရာသည် စိတ်ဖြစ်သကဲ့သို့ ထိန်းသိမ်းရအခက်ဆုံးသည်လည်း စိတ်ပင်ဖြစ်လေသည်။ လူတစ်ယောက်အတွက် စိတ်သည်အဓိကအကျဆုံးဖြစ်ကြောင်းနှင့် စိတ်သည်လူတစ်ယောက်၏ ဘဝကို အကောင်းအဆိုး၊ အနိမ့်အမြင့်၊ အတက်အကျအားလုံးကို ဖန်တီးပေးနိုင်စွမ်းရှိလေရာ လူတစ်ယောက်အတွက် စိတ်ဓာတ်သည် အထူးအရေးကြီးလှပေသည်။ သို့ဖြစ်လေရာ လူတိုင်းလူတိုင်းသည် စိတ်ဓာတ်ကျန်းမာမှု၊ ကြံ့ခိုင်မှုရှိစေရန် မိမိကိုယ်ကို ပြုစုလေ့ကျင့်ပျိုးထောင်ပေးနေရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စာဖတ်ဝိုင်းသို့တက်ရောက်လာသော စာပေဝါသနာရှင်များ၊ ကျောင်းသား/ ကျောင်းသူတို့မှ အချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)