ဘားအံ အောက်တိုဘာ ၁၂
ကရင်ပြည်နယ်အတွင်း ယခုနှစ်တွင် စာကြည့်တိုက်အသစ် (၇) တိုက် တည်ဆောက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဘားအံမြို့နယ်တွင် (၄) တိုက် ဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တတိယမြောက် စာကြည့်တိုက်သစ်ဖွင့်ပွဲအနေဖြင့် ဘားအံမြို့နယ်၊ ကော့ကျိုက်(ဖအွံ)ကျေးရွာအုပ်စု၌ အောင်သုခစာကြည့်တိုက်သစ်ဖွင့်ပွဲကို အဆိုပါစာကြည့်တိုက်သစ်တည်နေရာ၌ ကျင်းပသည်။
အဆိုပါစာကြည့်တိုက်သစ်ကို မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ထောက်ပံ့ငွေကျပ် သိန်း (၁၅၀) ပြည်သူလူထုထည့်ဝင်လှူဒါန်းငွေကျပ် သိန်း (၂၀) စုစုပေါင်းကုန်ကျငွေကျပ် သိန်း (၁၇၀) ဖြင့် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့အချိန်တွင် စာကြည့်တိုက်များနှင့်စာအုပ်စာပေများသည် မိမိတို့လက်လှမ်းမီသောနေရာများတွင် တည်ရှိနေပြီမို့ လွယ်လင့်တကူလေ့လာဖတ်ရှုနိုင်ကြောင်း၊ စာကြည့်တိုက်များသည် လူတန်းစားမရွေး၊ အသက်ကြီးငယ်မရွေး၊ လူမျိုးဘာသာမခွဲခြားဘဲ ဗဟုသုတရှာမှီးရာနေရာတစ်ခုလည်း ဖြစ်သည့်အတွက်ကြောင့် စာကြည့်တိုက်မှ စာအုပ်စာပေများကို ဖတ်ရှုပြီး ဘဝတိုးတက်အောင်မြင်အောင်၊ မိမိတို့၏အနာဂတ်မျိုးဆက်သစ်လူငယ်များကိုလည်း အစဉ်အမြဲစာပေဖတ်ရှုလေ့လာနိုင်အောင် စာဖတ်များအောင် တိုက်တွန်းကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စေတနာရှင်အလှူရှင်များက ပြည်နယ်ဝန်ကြီးချုပ်ထံ အောင်သုခစာကြည့်တိုက် ငွေပဒေသာပင်အတွက် ငွေကျပ် သိန်း (၃၀) ကို ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက လူမှုရေးဝန်ကြီးထံ အောင်သုခစာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်က စာကြည့်တိုက် တည်ဆောက်ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဘားအံခရိုင်အုပ်ချုပ်ရေးမှူးက စာကြည့်တိုက်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊ စာအုပ်၊ စာစောင်နှင့်ပရိဘောဂများကို စာကြည့်တိုက်ကော်မတီထံ လွှဲပြောင်းပေးအပ်ကာ စာကြည့်တိုက်ကော်မတီဝင် ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက (၂၀ x ၁၉) RC တစ်ထပ်အဆောက်အဦနှင့် သုတ၊ ရသစာအုပ်စာစောင်ပေါင်း (၅၅၀) အုပ်ခန့်ရှိ အောင်သုခစာကြည့်တိုက်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စာကြည့်တိုက်အဆောက်အဦအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးကြကာ စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)