စလင်း အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စလင်းမြို့မစျေးကြီးနှင့် ဆင်ဖြူကျွန်းမြို့မစည်ပင်သာယာစျေးကြီးတို့အား မီးဘေးလုံခြုံရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရန် ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့နေ့လည်က တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စိုးဝင်းနှင့်ဝန်ထမ်းများ စျေးကော်မတီဝင်များနှင့် စလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက စလင်းမြို့မစည်ပင်သာယာစျေးကြီးနှင့် ဆင်ဖြူကျွန်းမြို့မစည်ပင်သာယာစျေးကြီး အတွင်းရှိ စျေးဆိုင်ခန်းများအား သန့်ရှင်းသပ်ရပ်စွာဖြင့် ရောင်းချမှုရှိ/ မရှိနှင့် စျေးကြီးများအတွင်း မီးဘေးလုံခြုံရေးဆိုင်ရာများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ မီးဘေးကာကွယ်ရေးအတွက် ဒိုင်းရှင်းများ၊ အမြင့်တင်ရေစုပ်စက်များအား ကြံ့ခိုင်မှုရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးစမ်းသပ်မောင်းနှင်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာ၊ စျေးကော်မတီအဖွဲ့ဝင်များ၊ စျေးတာဝန်ခံများမှ စျေးရောင်းစျေးဝယ်ပြည်သူများ သန့်ရှင်းသပ်ရပ်စွာဖြင့် ဝယ်ယူရောင်းချနိုင်ရေးအတွက် စျေးအတွင်း စျေးဆိုင်ခန်းများနှင့် စျေးအတွင်း စနစ်တကျသန့်ရှင်းသပ်ရပ်စွာဖြင့် စည်းကမ်းတကျ ရောင်းချရန်နှင့်စျေးအတွင်းအပြင် မီးဘေးလုံခြုံမှုဆိုင်ရာများကို အထူးကြပ်မတ်၍ စျေးအတွင်းရောင်းချနေမှုများကိုလည်း စည်းကမ်းတကျသတ်မှတ်နေရာများ၌သာ ရောင်းချစေရန် စျေးတာဝန်ခံများအား ဆွေးနွေးမှာကြားခဲ့သည်။
စလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စလင်းမြို့မစည်ပင်သာယာစျေးနှင့် ဆင်ဖြူကျွန်းစည်ပင်သာယာစျေးကြီးအတွင်း၊ အပြင်တို့အား စဥ်ဆက်မပြတ် သန့်ရှင်းသပ်ရပ်မှုရှိစေရေး စျေးလုံခြုံရေးနှင့်မီးဘေးလုံခြုံမှုရှိစေရေးအတွက် နေ့ညမပြတ် တာဝန်ချထားမှုများဖြင့် စစ်ဆေးစေပြီး စျေးအတွင်း အသားငါးရောင်းချမှုများ အသီးအရွက်ရောင်းချမှုများအား စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေဘဲ သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချရန် စဥ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်း၍ ပြည်သူများ စျေးနှုန်းမှန်ကန်စွာ ဝယ်ယူနိုင်ရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးပြောကြားပြီး စျေးအတွင်းအပြင် လုံခြုံရေးဆိုင်ရာများအား အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)