ပခုက္ကူ အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ Online Shopping အရောင်းဆိုင်များအား ယနေ့နံနက် ၈ နာရီအချိန်က တာဝန်ရှိသူများက ရှောင်တခင်ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့်ဝန်ထမ်းများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့်သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ ပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ Online Shopping စနစ်ဖြင့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းမျိုးမျိုး ဖြန့်ဖြူးရောင်းချလျက်ရှိသည့် အရောင်းဆိုင်များထံ ကွင်းဆင်း၍ လူမှုကွန်ရက်စာမျက်နှာ Facebook Page များတွင် ဖော်ပြရောင်းချထားသည့် ကုန်ပစ္စည်းများ မြေပြင်တွင် အမှန်တကယ်ရှိ၊ မရှိ၊ ဆက်သွယ်ရမည့်လိပ်စာ၊ ဖုန်းနံပါတ်များ မှန်ကန်မှုရှိ၊ မရှိ၊ ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းများ၏ ပစ္စည်းလက်ခံရရှိပြေစာအတုအပများရှိ၊ မရှိ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုရှိ၊ မရှိ၊ သတ်မှတ်စံချိန်စံညွှန်းအရည်အသွေးများနှင့်ကိုက်ညီမှုရှိ၊ မရှိ၊ စားသုံးသူ ပြည်သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ၊ မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး လုပ်ငန်းရှင်များတွေ့ဆုံကာ Online Shopping စနစ်ဖြင့် ရောင်းချခြင်းဆိုင်ရာ မှတ်ပုံတင်ဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏လုပ်ငန်းတာဝန်များအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးသူပြည်သူများ၏အခွင့်အရေးများနှင့်စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)