မော်လမြိုင်ကျွန်း အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မဟာဆောင်ခန်းမ၌ ယနေ့ နံနက် (၁၀) နာရီ အချိန်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အ.ထ.က (၁) ကျောင်းသား၊ ကျောင်းသူလေးများက "အလှဆုံးပန်းများပွင့်ကြပြီး" သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပေးခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပခြင်းသည် လွန်စွာအကျိုးကျေးဇူးများစွာရရှိပါကြောင်း၊ ကျောင်းသား/သူများ စာပေကိုမွေ့လျော်လာစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေရန် စာပေနှင့်ထိတွေ့ပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် များစွာအကျိုးရှိပါကြောင်း၊ ယခုလို စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူတွေဟာ ယခင်ကထက် ပိုမိုပြီး စာဖတ်အားများ ကောင်းလာမည်ဟု မျှော်လင့်မိပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှ ရရှိသည့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း စည်းလုံးညီညွှတ်ခြင်း၊ တွေ့ဆုံပျော်ရွှင်ခြင်း၊ စာပေများကို ဖတ်ရှုပြီး အပြိုင်အဆိုင် ယှဉ်ပြိုင်နိုင်ခြင်း စသည့် အလေ့အကျင့်ကောင်းတွေကို ရရှိလာမှာဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ဆုချီးမြှင်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဥ်ဆွေဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မာမူနှင့် မြို့မိမြို့ဖများက စာပေပြိုင်ပွဲများတွင်ဆုရရှိသော ကျောင်းသား/သူများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုဆုရရှိကြသူများနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)