ကျွန်းစုမြို့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အဆင်ပြေချောမွေ့စွာ ကောက်ယူနေမှုအား လိုက်လံကြည့်ရှု အားပေး

ကျွန်းစု အောက်တိုဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းရင်းသားပြည်သူများ လူနေမှုဘဝမြင့်မားစေရေးနှင့် လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်‌ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့် တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ခေတ္တဌာနချုပ်မှူး ဗိုလ်မှူးကြီး မျိုးဟိန်းနှင့် အရာရှိများ၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦး‌‌ရဲခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကမ်းကြီးကျေးရွာသည် စံပြကျေးရွာ (၅)နှစ် စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်‌နေမှုလုပ်ငန်းများ၊ စီမံကိန်းကာလအတွင်း ဆောင်ရွက်မည့် လျာထားဖွံ့ဖြိုးရေးလုပ်ငန်းများစာရင်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာကတင်ပြခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအမျိုးမျိုးမှ အခက်အခဲရှိပါက တင်ပြတောင်းဆိုနိုင်ကြောင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် ဒေသခံများက ကဏ္ဍအလိုက် လိုအပ်ချက်များအား ပြန်လည်တင်ပြခဲ့ပြီး ဝန်ကြီးက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အဆင်ပြေချောမွေ့စွာ ကောက်ယူနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကျွန်းစုမြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအလိုက် သန်းခေါင်စာရင်းကောက်ကွက် (၃၂၉)ကွက်ဖြင့် စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စာရင်းကောက်ယူလျက်ရှိကြာင်း သိရသည်။

ထက်မြင့်(ကျွန်းစု)