(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းအား အောင်နိုင်ရေး အလံပေးအပ်

ပုသိမ် အောက်တိုဘာ ၁၂

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲဝင်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် (၂၄) ကြိမ်မြောက် ပြိုင်ပွဲပြီးကတည်းက ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်ပြိုင်ပွဲ ဖြစ်သည်နှင့်အညီ အောင်မြင်မှုများပိုမိုရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဆုတံဆိပ်များ ပိုမိုရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်နေထိုင်ကြရန်လည်း လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အောင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်များ၊ နည်းပြများအနေဖြင့် မိမိတို့တတ်ကျွမ်းသည့် ပညာရပ်များဖြင့် အားသွန်ခွန်စိုက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ယှဉ်ပြိုင်သွားကြရန်” အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အခြေခံပညာ (၁၀-၁၅) ကဗျာလွတ်အကအဖွဲ့၊ ဝါသနာရှင်ပထမတန်းခေတ်ဟောင်း/ကာလပေါ် (အမျိုးသမီး)၊ ချင်းတိုင်းရင်သား ရိုးရာအကအဖွဲ့၊ ဝါသနာရှင်ဒုတိယတန်း(အရေး) (အမျိုးသား)၊ ကျေးလက်ရိုးရာအကအဖွဲ့၊ ဝါသနာရှင် ပထမတန်း(စောင်း) (အမျိုးသမီး) ၊ အခြေခံပညာ (၁၀-၁၅) ဒုံမင်း အမျိုးသား၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသား) ဆိုင်းအဖွဲ့လိုက် ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုပံ့ပိုးချီးမြှင့်ငွေနှင့်အောင်နိုင်ရေးအလံအား ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့ အဆိုပြိုင်ပွဲဝင် ၂၀ ဦး၊ အကပြိုင်ပွဲဝင် ၁၂၂ ဦး၊ အရေးပြိုင်ပွဲဝင် ၂ ဦး၊ အတီးပြိုင်ပွဲဝင် ၁၂၀ ဦး၊ စုစုပေါင်း ၂၆၄ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အမျိုးသား၊ အမျိုးသမီး၊ အုပ်ချုပ်၊ နည်းပြ၊ ပံ့ပိုး၊ အုပ်ထိန်းသူ စုစုပေါင်း လူဦးရေ ၄၄၄ ဦးဖြင့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)