ကံမ အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ စည်ပင်သာယာမြို့မဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆန်ဆိုင်များ ကုန်စုံဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များတွင် ဆန်၊ ဆီနှင့် ဆေးဝါးပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာ၌ ဆန်အရောင်းဆိုင်များတွင် သင့်တင့်မျှတသည့် ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊ မရှိ၊ ကုန်စုံဆိုင်များတွင် ပုဇွန်(၂)ကောင်အမှတ်တံဆိပ်စားအုန်းဆီများ၊ “အဖွားလက်ရာ”အမှတ်တံဆိပ်ပါ အသားဟင်း၊ ငါးဟင်းစည်သွပ်ဘူးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ပစ္စည်းပြတ်လပ်မှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေးနေသည့် ဆိုင်များအား အဆိုပါစားသုံးဆီများ၏ အရည်အသွေးနှင့် ရောင်းချသည့် ဈေးနှုန်းတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)