ဘိုကလေး အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးမြို့အဝင် နတ်ချောင်းစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်၌ ဘိုကလေးမြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် မော်တော်ယာဉ်များ၊ ဘိုကလေးမြို့နယ်သို့ ဖြတ်သန်းသွားသည့် မော်တော်ယာဉ်များအား မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့မှ ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ရှာဖွေစစ်ဆေးရာတွင် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ အတွင်းရေးမှူး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းအေးနှင့်အဖွဲ့ဝင် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းစစ်ဆေးခြင်းဖြစ်ပြီး ကုန်တင်ယာဉ်များ၊ ခရီးသွားယာဉ်များ၌ တရားမဝင်ကုန်စည်များ ဖြန့်ဖြူးရောင်းချရန် သယ်ဆောင်လာခြင်း ရှိ/မရှိ၊ ကုန်သွယ်မှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့သည့်အပြင် လုံခြုံရေးတပ်ဖွဲ့များကလည်း ဒေသတွင်းတည်ငြိမ်အေးမှုကို နှောင့်ယှက်ဖျက်စီးလိုသည့် မသမာသူများ လိုက်ပါစီးနင်းလာခြင်း ရှိ/မရှိ၊ ဝင်ထွက်သွားလာမှု ရှိမရှိနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တို့ကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)