ပခုက္ကူ အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ယနေ့နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက်ရှိ အိမ်ထောင်စုများထံ ဆက်လက်ကွင်းဆင်းကောက်ယူဆောင်ရွက်ကြသည်။
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးကြီးဇော်မင်းထက်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးနေမျိုးအောင်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ခရိုင်လဝကဦးစီးမှူး ဒေါ်ကြည်ကြည်ချိုနှင့်ကော်မတီဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ထွန်းနိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်လဝကဦးစီးမှူး ဦးအောင်မြင့်မော်နှင့်ကော်မတီဝင်များက ပခုက္ကူမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ အိမ်ထောင်စုများထံ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ပခုက္ကူမြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၅) ရပ်ကွက်ရှိပြီး စာရင်းကောက်ကွက်ပေါင်း ၁၇၁ ကွက်၊ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့ ၁၇ ဖွဲ့မှ စာရင်းစစ်၊ စာရင်းကောက် ၁၀၂ ဦးတို့က သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များကို ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)