တောင်တွင်းကြီး အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ခေတ်မှီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းရည်ရွယ်ချက်အနေဖြင့် မြို့ပြနှင့်ကျေးလက် ကွာခြားစေရန် ရည်ရွယ်၍ ကန်လှကန်အုပ်စု၊ ခေတ်မှီစံပြကန်လှကန်ကျေးရွာတွင် ဌာနဆိုင်ရာအကြီးအကဲများစုပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဥ်(၆)ရပ်အနက် ဒေသခံတောင်သူအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကန်လှကန်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက ကျေးရွာအခြေခံအဆောက်အအုံများ ဖွံဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေး တိုးတက်လာစေရန်၊ ဘသာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင်စဖွယ်စံပြကျေးရွာများ ဖြစ်ပေါ်လာစေရေး၊ ကျေးရွာသူ/ သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြှင့်မားလာစေခြင်းဖြင့် စဥ်ဆက်မပျက်ဖွံ့ဖြိုးမှုကို ဖော်ဆောင်လာစေရန်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမားရေးဦးစီးဌာနမှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးနှင့် ပတ်သတ်သည့်အသိပညာပေး ပြောကြားခြင်းစသည့်တို့ကို ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောမောင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းနှင့် မီးဘေးကျရောက်ပါက ဆောင်ရွက်ရမည့် နည်းလမ်းများကို ပညာပေးပြောကြားခြင်း၊ မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာခံဗိုလ်စိုးပိုင်က ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးသရုပ်ပြ ပြောကြားခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာနမှ ဒုလဝကမှူး ဒေါ်ထွေးထွေးလင်းက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရသည့် ရည်ရွယ်ချက်များကို ပြောကြားခြင်းနှင့် အိမ်ထောင်စုဇယားများတွင် မွေးစာရင်းထည့်သွင်းရခြင်းဖြင့် ကလေးငယ်များ၏ အနာဂတ်လူမှုဘဝတိုးတက်ရေးကို အထောက်အကူဖြစ်စေခြင်းကို အကျယ်တဝင့် ပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကျေးလက်စာကြည့်တိုက်များ ဆောက်လုပ်ထားရှိခြင်းဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရေး၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာစေရေး၊ ရရှိလာသည့်အသိပညာဗဟုသုတများကို မိမိပတ်ဝန်းကျင်တွင် မျှဝေပေးနိုင်ခြင်းဖြင့် လူမှုဘဝတိုးတက်လာစေမည့်ဖြစ်ကြောင်းကို အသိပညာပေးပြောကြားခြင်းနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများက မိမိဦးစီးဌာနနှင့် ပတ်သတ်သည့် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နည်းပညာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာနေဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)