ရွှေတောင် အောက်တိုဘာ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ထွဋ်သည် တိုင်း၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်စိုက်ခင်း စိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းစွန်ကျေးရွာ၊ ကွင်းအမှတ် (၄၂၀ C)၊ ကြို့ကုန်းကွင်းရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပါဝင်သော စပါးမျိုးရွေးချယ်ခြင်းလုပ်ငန်း မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်စိုက်ခင်း စိုက်ပျိုးထားရှိမှုအခြေအနေအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်က ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီး ဦးတင်ထွဋ်က စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးကောင်း၊ မျိုးသန့်အထွက်ကောင်း စပါးမျိုး (၁၂)မျိုးအား တောင်သူများသို့ ဖြန့်ဝေနိုင်ရေးအတွက် မျိုးယှဉ်ပြိုင် စမ်းသပ်စိုက်ကွက်များ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေမှုအခြေအနေတို့အား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ သုတေသနမျိုးစေ့ထုတ်ဌာနခွဲ ဌာနမှူးများမှ မျိုးကောင်းမျိုးသန့် အထွက်ကောင်းမျိုးများ စမ်းသပ်မျိုးစေ့ထုတ်ပေးနေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် တက်ရောက်လာသော တောင်သူများ၏ တင်ပြဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုအား ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်ကော်မတီဥက္ကဋ္ဌ) ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်/ကြပ်ကော်မတီပါဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံတောင်သူများ (၁၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)