ဟားခါး အောက်တိုဘာ ၁၂
ချင်းပြည်နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ချင်းပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားလုပ်ငန်းများ ပြုစုတင်ပြနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လျာထားရာတွင် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် အလေးထား လျာထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ လျာထားရာတွင်လည်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စိစစ်တင်ချက် မဖြစ်မနေလိုအပ်ပါကြောင်း၊ အစည်းအဝေးတက်ရောက်လာကြသူများအနေဖြင့် ယခင်အစည်းအဝေးတွင် တင်ပြရန်ကျန်ရှိနေသည့် ပြင်ဆင်တင်ပြလိုသည့်အချက်များရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ချင်းပြည်နယ်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးနှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်တို့က လုပ်ငန်းဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန် လျာထားနိုင်ရေးလုပ်ငန်းများကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ လမ်းတံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတလုပ်ငန်းဆပ်ကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုလုပ်ငန်းဆပ်ကော်မတီ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းဆပ်ကော်မတီနှင့် စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အားလုပ်ငန်းဆပ်ကော်မတီတို့မှ အတွင်းရေးမှူးများဖြစ်ကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန် လျာထားနိုင်ရေးလုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ဆပ်ကော်မတီအတွင်းရေးမှူးများ၏ တင်ပြချက်များအပေါ် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုတို့က အကြံပြုဖြည့်စွတ်ဆွေးနွေးပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)