အထက်မင်းလှ အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးထင်အောင်တို့သည် မင်းလှမြို့၌ မူလမြစ်ရေတင်ရေစက်ရုံအမှတ်(၁) ရေစစ်ကန်တည်ဆောက်နေမှုများ၊ "ထ"ကန်သာယာလှပရေးနှင့် နန္ဒဝန်ပန်းခြံသစ် Landscaping ဆောင်ရွက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက် (၈)နာရီခွဲက ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ စီးပွားရေးရာဝန်ကြီးသည် ရုံးရပ်ကွက်တောင်ပိုင်းရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေသည့် မူလမြစ်ရေတင်ရေစက်ရုံ အမှတ်(၁)တွင် ဂါလံ(၁၀၀၀၀၀)ဆံ့ ရေစစ်ကန်(၇၆'×၃၀'×၁၀')တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာက မူလမြစ်ရေတင်ရေစက်ရုံအမှတ်(၁)ရေစစ်ကန် တည်ဆောက်သည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ မြောက်ရပ်ကွက်ရှိ "ထ"ကန်သာယာလှပစေရေးနှင့် နန္ဒဝန်"ပန်းခြံသစ် Landscaping ဆောင်ရွက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးက ဆောင်ရွက်မည့်လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
မင်းလှမြို့၌ မူလမြစ်ရေတင်ရေစက်ရုံအမှတ်(၁) ရေစစ်ကန်ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ရေစစ်ကန်တည်ဆောက်လျက်ရှိပြီး လုပ်ငန်းဆောင်ရွက်ပြီးပါက ရုံးရပ်ကွက်တောင်ပိုင်းနှ င့်ရုံးရပ်ကွက်မြောက်ပိုင်းနေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာရရှိမည်ဖြစ်ကြောင်းနှင့် "ထ"ကန်နှင့် "နန္ဒဝန်"ပန်ခြံသစ်အား ယခုထက်ပို၍ သာယာလှပစေရန်အတွက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ ဆောင်ရွက်ပြီးပါက ပြည့်စုံလှပသည့် ပန်းခြံသစ်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)