ချောက် အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သည့် အိမ်ထောင်စု (၁၀၀) စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကူညီထောက်ပံ့ခြင်းကို အမှတ် (၃) ရပ်ကွက် ချောက်ရွာမရပ် အ.ထ.က (၃) ကျောင်းဝန်းအတွင်း၌ ယမန်နေ့ညနေ ၄ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးတင်ထွန်းဦး၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းဝင်းတို့က အမှတ်(၇)ရပ်ကွက် ရွာဟောင်းရပ်၊ အုပ်ဖိုရပ်တို့မှ အိမ်ထောင်စု (၁၀၀) စုအား အိမ်ထောင်တစ်စုလျှင် တာပေါ်လင်မိုးကာ၊ မီးဖိုချောင်သုံးပစ္စည်း၊ စောင်၊ ခြင်ထောင်၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း၊ အမျိုးသားသုံးပစ္စည်း (၆) မျိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)