ပွင့်ဖြူ အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကန်ပြည့်ကျေးရွာ၌ တတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကန်ပြည့်ကျေးရွာရှိ ရပ်မိရပ်ဖများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများကို တွေ့ဆုံ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်း၏ အကျိုးကျေးဇူးများနှင့် စီမံကိန်းလုပ်ငန်းအကြောင်းအရာများ၊ ချေးငွေအတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ကျေးရွာနေပြည်သူများ ထားရှိရမည့် ကျေးရွာစိတ်ဓာတ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ လိုက်နာရမည့် တာဝန်နှင့် ခံစားခွင့်များ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကန်ပြည့်ကျေးရွာရှိ နေကြာအပါအဝင် အခြားဆီထွက်သီးနှံ စိုက်ပျိုးသော အသင်းသားတောင်သူ ၅၄ ဦးကို တတိယအကြိမ်မြောက် ရန်ပုံငွေကျပ် ၁၀၄ သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )