မော်လမြိုင်ကျွန်း အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ဘက်စုံဖွံ့ဖြိုးပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မော်လမြိုင်ကျွန်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဆွေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် မြို့မိမြို့ဖ ဒေါက်တာလှဟန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး
အခမ်းအနား ဒုတိယပိုင်းကို မဟာဆောင်ခန်းမ၌ ကျင်းပရာ အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူများက “စာအုပ်စာပေလူ့မိတ်ဆွေ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အ.ထ.က(၁)ကျောင်းသား၊ ကျောင်းသူများမှ “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် သုတ၊ ရသစာအုပ်များအား လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်မှ လက်ခံရယူခဲ့သည်။ ထိုနောက် မြို့နယ်စားသုံးဆီလုပ်ငန်းရှင်များက ကွမ်းခြံချောင်းကျေးရွာ အောင်ချမ်းသာစာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များပေးအပ်လှူဒါန်းရာ အောင်ချမ်းသာစာကြည့်တိုက်ကော်မတီမှ လက်ခံရယူခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင်၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ယင်းနောက် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်တာဝန်ရှိသူများက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ၊ ပြပွဲပြိုင်ပွဲများ၊ စာပေဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ အားကစားပြိုင်ပွဲများ၊ ဌာနဆိုင်ရာပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)