ကျွန်းစုမြို့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်ရေးအတွက် ကွင်းဆင်းစစ်ဆေး

ကျွန်းစု အောက်တိုဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းရင်းသားပြည်သူများ လူနေမှုဘဝမြင့်မားစေရေးနှင့် လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်‌ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စုအတွင်းရှိ ကဘင်းချောင်းကျေးရွာနှင့် မော်တုန်းကြီးကျေးရွာသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းရာတွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့် တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ခေတ္တဌာနချုပ်မှူး ဗိုလ်မှူးကြီး မျိုးဟိန်းနှင့် အရာရှိများ၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦး‌‌ရဲခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကဘင်းချောင်း‌ကျောင်း၌ ကျောင်းအုပ်ကြီး၊  ကရင်တိုင်းရင်းသားများနှင့် တာဝန်ရှိသူများတွေ့ဆုံကာ ကျောင်းအဆောက်အဦနှင့် သင်ထောက်ကူပစ္စည်းများ လိုအပ်နေမှုများ၊ တိုင်းရင်းသားဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လမ်းပန်းဆက်သွယ်မှုကောင်းမွန်မှု၊ သောက်သုံးရေရရှိရန် လွယ်ကူချောမွေ့မှု ရှိ၊ မရှိ တွေ့ဆုံမေးမြန်း၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်လမ်းဦးစီးဌာနမှ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကတန်ကျွန်းပတ်လမ်းပေါ်ရှိ ကဘင်းချောင်းကျေးရွာနှင့် လဲဝါပြင်ကျေးရွာကြား ဆောင်ရွက်မည့် (၁၀၅၀)ပေ ကွန်ကရစ်လမ်းအခြေအနေများနှင့် ‌၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် (၃၂၈၀) ပေ ကွန်ကရစ်လမ်းအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပြီး ကဘင်းချောင်း‌ကျေးရွာနှင့် မော်တုန်းကြီးကျေးရွာချင်းဆက် ကွန်ကရစ်လမ်းဆောက်လုပ်ရန် လိုအပ်သည့် လမ်းအခြေအနေများ၊ မော်တုံးကြီးကျေးရွာရှိ လျာထားစီမံကိန်းများနှင့်ပတ်သက်၍ လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)