ရွှေဘို အောက်တိုဘာ ၁၁
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှစတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် အောက်တိုဘာ(၁၁) ရက်နေ့နံနက်ပိုင်းက ရပ်ကွက်(၁၀)၌ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် လူဦးရေနှင့်အိမ်အကြောင်းအရာများ တိကျမှန်ကန်မှုရှိစေရန်အတွက် စာရင်းစစ်၊ စာရင်းကောက်များက CAPI နည်းပညာဖြင့် မိုဘိုင်း Tablet အသုံးပြုပြီး တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူနေမှုများကို အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် အမှတ်(၅)စစ်အုပ်ချုပ်ရေးနယ်မြေစစ်နယ်မြေမှူးနှင့်အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးနှင့်ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ တာဝန်ရှိသူများက အနီးကြပ်ကြီးကြပ်ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများအား အမှတ်(၅)စစ်အုပ်ချုပ်ရေးနယ်မြေမှူးမှ အလှူငွေနှင့် အာဟာရဒါနများပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကိုစာရင်းစစ်/စာရင်းကောက်(၆၁)ဦးဖြင့် အောက်တိုဘာ(၁)ရက်မှ (၁၅)နေ့ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်