မကွေးမြို့တွင် ရုရှားသဘာဝရွက်ဖြန်းမြေဩဇာ အသုံးပြုမှုသရုပ်ပြပွဲနှင့် နေကြာမျိုးစေ့များ ပေးအပ်ပွဲကျင်းပ

မကွေး အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ သမဝါယမ စာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး)တွင် ရုရှားသဘာဝရွက်ဖြန်းမြေဩဇာ သရုပ်ပြပွဲနှင့် နေကြာမျိုးစေ့များပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး RUMA ORGANIC ရွက်ဖြန်းသဘာဝမြေဩဇာကုမ္ပဏီမှ တာဝန်ရှိသူများက ရုရှားသဘာဝရွက်ဖြန်းမြေဩဇာ အသုံးပြုမှုကို လက်တွေ့သရုပ်ပြ ရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌက နေကြာစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မည့် မြို့နယ်များသို့ နေကြာမျိုးစေ့များအား အသီးသီးပေးအပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ RUMA ကုမ္ပဏီမှ တာဝန်ရှိသူများ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ မြို့နယ်ဦးစီးအရာရှိများ၊ မြို့နယ်အသင်းစု ဥက္ကဋ္ဌများ၊ အခြေခံသမဝါယမအသင်းအမှုဆောင်များ စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)