ညောင်လေးပင်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ညောင်လေးပင် အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက် (၁၁)နာရီက ညောင်လေးပင်မြို့ သိပ္ပံလမ်း အခြေခံပညာမူလတန်း(လွန်) ရွာမကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.မ.က မူလွန် (ရွာမ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဒုတိယဦးစီးမှူးဒေါ်မိုးစန္ဒာဝင်းက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာကြည့်တိုက်ကိုအသုံးပြုပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိလာနိုင်ကြောင်းနှင့် လူငယ်ရေးရာအသိပညာပေးအကြောင်းအရာများ ဟောပြောဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကိုဖတ်ရှုစေခြင်း၊ လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)