ငဖဲမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ (၁၁)မြောက်နေ့ ဆက်လက်ကောက်ယူ

ငဖဲ အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ စာရင်းကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းက (၁၁)မြောက်နေ့အဖြစ် မြို့မရပ်ကွက်နှင့် ကျောင်းတွင်းရပ်ကွက်တို့တွင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့(၄)ဖွဲ့မှ အချက်အလက်များမှန်ကန်စွာရရှိစေရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်းစနစ်ဖြင့် Mobile Tablet များအသုံးပြု၍ အိမ်ထောင်စုမေးခွန်းပုံစံ(၆၈)ခုနှင့် အဖွဲ့အစည်းမေးခွန်းပုံစံ(၁၈)ခုတို့အသုံးပြု၍ ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိသည်။

အဆိုပါ (၁၁)မြောက်နေ့ စာရင်းကောက်ယူနေမှုများအား မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဉက္ကဌ ဦးကျော်စိုးနှင့် သန်းခေါင်စာရင်းကော်မတီဝင်များ၊ ဌာနဆိုင်ရာကြီးကြပ်အဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် အနီးကပ်ကြီးကြပ်ပြီး လိုက်လံကြည့်ရှု အားပေးသည်။

ငဖဲမြို့နယ်အနေဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် အောက်တိုဘာ ၁၀ ရက်နေ့ထိ ကောက်ယူပြီးစီးသည့် စာရင်းကောက်ကွက်ပေါင်း ၈၃ ခု၊ အိမ်ထောင်စု ၉၅၈၉ စု ရာခိုင်နှုန်းအားဖြင့် ၈၀.၅၈ ရာခိုင်နှုန်း စာရင်းကောက်ယူနိုင်ခဲ့ပြီး ကျန်ရှိသည့် ကောက်ကွက်များအလိုက် စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)