ပေါက်ခေါင်း အောက်တိုဘာ ၁၁
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ကြံစိုက်ပျိုးရာသီတွင် လမိုင်းခင်းနှင့်အခင်းသစ်ချက်ကြံရင့်စုစုပေါင်း ၂၀၅၈၉ ဧကစိုက်ပျိုးထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကြံသီးနှံကို နှစ်စဉ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလတွင် ခုတ်သိမ်းရောင်းချနိုင်သည်။ ကြံစိုက်တောင်သူအများစုအနေဖြင့် ခုတ်သိမ်းပြီးကြံများကို ပေါက်ခေါင်းမြို့နယ် အင်ငါးခွသကြားစက်၊ ပြည်မြို့နယ်ရှိ နဝဒေးသကြားစက်ရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခင်နှစ်ကြံသကာဈေးကွက်ကောင်းသဖြင့် ကြံသကာချက်ပြုလုပ်ရောင်းချသူများလည်းရှိကြောင်း၊ ကြံသကာချက်လုပ်ရောင်းချရာတွင် အကျိုးအမြတ်ပိုမိုရရှိကြောင်း ကြံစိုက်တောင်သူတစ်ဦးထံမှသိရသည်။ ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်တွင်အခင်းသစ် (၁၄၈၀၇) ဧကနှင့် လမိုင်းခင်း (၅၇၈၂) ဧက စုစုပေါင်း (၂၀၅၈၉) ဧကအထိ တောင်သူများမှစိုက်ပျိုးပြီးစီးပြီဖြစ်ပြီး စိုက်ပျိုးပြီးကြံစိုက်ခင်းများလည်း ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ကြံတစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် သင့်တော်သောအချိန်နှင့် ရာသီမီစိုက်ပျိုးနိုင်ရေးနှင့် ကြံမျိုးကောင်းအထွက်ကောင်းမျိုးအသုံးပြုရေး၊ လမိုင်းခင်းများကိုလည်း သေချာစနစ်တကျပြုပြင်ထားရှိခြင်းနှင့် ကြံမျိုးကောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကြံအထွက်နှုန်း တိုးတက်ရေးအတွက် စံပြစိုက်ခင်းများ၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိုးကျသုံးစွဲဖို့နှင့် အပင်ကြီးထွားချိန်ပိုးမွှားကျရောက်လာပါက ကာကွယ်နှိမ်နင်းခြင်းနှင့်နည်းပညာပေး ကူညီပံ့ပိုးပေးခြင်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)