မင်းလှ အောက်တိုဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ရေကြီးနစ်မြုပ်ခံရသည့် ကျေးရွာအုပ်စု (၄)အုပ်စုရှိ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ရေဘေးသင့်ပြည်သူများကို အားပေးစကားများနှင့် ထောက်ပံ့ဆန်ရိက္ခာများ ပေးအပ်ရခြင်းအကြောင်းတို့ကို ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များက ရေကြီးနစ်မြုပ်ခံခဲ့ရသည့် ရွှေလောင်းအုပ်စု၊ ဒီလှိုင်းအုပ်စု၊ သဲကောအုပ်စု၊ ထန်းပင်ကုန်းအုပ်စုတို့အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုပေါင်း (၁၈၃)စု၊ လူဦးရေ(၆၈၉)ဦးအတွက် လူတစ်ဦးလျှင် (၃.၆၄၆) kg နှုန်းဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော အရေးပေါ်ရိက္ခာ (APTERR) အရန်ဆန်အိတ် (၆၃)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)