မင်းဘူး (စကု) မြို့နယ်၌ နွေစပါးဧက ၁၇၀၀ ကျော် လျာထားစိုက်ပျိုးသွားမည်

မင်းဘူး အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်၌ မိုးစပါး ဧက ၁၇၃၂ ဧကလျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ စိုက်ပျိုးရာတွင် ဆိုလာလျှပ်စစ် ရေတင်စနစ်၊ ဆည်ရေသောက်စနစ်၊ မြေအောက်ရေ စုပ်တင်သည့်စနစ်များဖြင့် နည်းမျိုးစုံစိုက်ပျိုးကြမှာဖြစ်ပြီး၊ မဲဇလီဆည်မှ ၉၅၇ ဧက၊ လျှပ်စစ်ရေတင်စီမံကိန်းတွင် ကမ်းနီဆိုလာလျှပ်စစ်ရေတင် စီမံကိန်းမှ ဧက ၁၀၀၊ ကျောက်စံလျှပ်စစ် ရေတင်စီမံကိန်းမှ ဧက ၁၀၀၊ မြေအောက်ရေ စုပ်တင်ခြင်းစနစ်မှ ၅၇၅ ဧကဖြစ်၍ စုစုပေါင်း ၁၇၃၂ ဧက စိုက်ပျိုးရန်လျာထားလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဇော်မင်းသူကပြောသည်။

တောင်သူလယ်သမားများအနေဖြင့် နွေစပါးစိုက်ပျိုးလျှင် အထွက်နှုန်းကောင်းစေရန် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးသုံးစွဲခြင်း၊ သီးနှံဖျက်ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ခြင်း၊ မျိုးကွဲပေါင်းများ နုတ်ပယ်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး စိုက်ပျိုးသည့်စနစ် ကောင်းမွန်မှန်ကန်အောင် ဆောင်ရွက်ခြင်းစသော အချက်များကို လိုက်နာဆောင်ရွက်ပါလျှင် နွေစပါးတစ်ဧကအထွက်နှုန်း တိုးတက်ထွက်ရှိလာမည်ဖြစ်သည်။ သို့ဖြစ်၍ ပိုးမွှားရောဂါကာကွယ်တားဆီးရေးနှင့် စိုက်ပျိုးရေး နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများနှင့် တွေ့ဆုံရှင်းလင်းခြင်း၊ နည်းပညာပေး သင်တန်းများဖြင့် ပို့ချသင်ကြားပေးခြင်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း မင်းဘူးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇေယျာထက်(မင်းဘူး)