ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ဆင်လိမ္မာလေးများ၏ ဆန်းသစ်သည့် ကကွက်ဆန်းများနှင့် အခြားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မင်းဘူး အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွှေစက်တော်မန်းချောင်း၊ အပန်းဖြေဆင်စခန်းတွင် ဆင်လိမ္မာလေးများ၏ ကကွက်ဆန်းများအပါအဝင် အခြားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း ဆင်စခန်းတာဝန်ခံများထံမှ သိရသည်။

ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှစတင်ကာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်ထားသော ဆင်စခန်းများတွင် တစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပမှ ခရီးသွားလာခြင်း လွယ်ကူစေရန်နှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်‌နေရာဖြစ်သည့်အပြင် တောတောင်ရေမြေနှင့် သဘာဝအလှအပများ၊ စိမ်းစို၍ ရှုခင်းများကောင်းသော နေရာများကို အခြေခံကာ တည်ဆောက်ထားခြင်းဖြစ်သည်။

ယခုနှစ်တွင် ဆင်လိမ္မာလေးများ၏ ကကွက်များကို လူအများ စိတ်ဝင်စားဖွယ်ရာကောင်းသော ကကွက်အသစ်အဆန်းများဖြင့် တီထွင်ဆန်းသစ်ကာ ကပြစေခြင်း၊ VIP ဆောင်များ တိုးချဲ့ပြင်ဆင်ထားရှိခြင်း၊ ဆင်စခန်းပရိဝုဏ်အတွင်း ကွန်ကရစ်လမ်းအရှည်ပေ ၁၉၀၀ ပေ၊ ခင်းပေးထားခြင်း၊ အရိပ်ရ၍ အသီးအမှည့်များအား ဆင်စာအဖြစ် ကျွေးမွေးရန်၊ မန်ကျည်းပင် ၄၀၀၀ စိုက်ပျိုးထားခြင်းစသော ယခင်နှစ်များနဲ့မတူအောင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်လျက်ရှိသည်။

ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းမှာ ရွှေစက်တော်ဘုရားမှ နှစ်မိုင်သာဝေးကွာတာကြောင့် စက်တော်ရာပါဒ ခြေတော်ရာနှစ်ဆူကို ဖူးပြီးပါက ဆင်စခန်းသို့လာကာ ဆင်လိမ္မာလေးများ၏ ကကွက် အသစ်အဆန်းများဖြင့် ‌ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုခြင်း ဆင်များစီးပြီး မန်းချောင်းတစ်လျှောက်ရှိ တောတောင်ရေမြေနှင့် သဘာဝအလှအပတရားများကို ကြည့်ရှုခံစားရင်း မိမိတို့၏လုပ်ငန်းခွင်များမှ ပင်ပန်းမှုများကို အတိုးချအနားယူကာ အပန်းဖြေနိုင်မည်ဖြစ်သည်။ ဆင်စခန်းတွင်ဆင် ၁၄ ကောင်ရှိပြီး ဆင်စီးပြီးအပန်းဖြေမည်ဆိုပါက ဆင်စီးခနှုန်းထားများမှာ နိုင်ငံခြားသားတစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှင့် နိုင်ငံသားတစ်ဦးလျှင် ငွေကျပ် ၅၀၀၀ ဖြစ်သည်။ ယခင်နှစ်များက ရွှေစက်တော်ဘုရားဖူးကာလဖြစ်သော တပို့တွဲလဆန်း ၅ ရက်မှ နှစ်ဆန်း ၁ ရက်အထိ သုံးလတာ ကာလများတွင်သာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူနှင့် လာရောက်လေ့လာလည်ပတ်သူ အများအပြားရှိကြောင်း သိရသည်။

ထို့အပြင်ဆင်စခန်းတွင် ရေမီးအစုံဖြင့် တည်းခိုစရာ ဘန်ဂလိုများလည်းရှိပြီး ရိုးရိုးတည်းခိုဆောင် တစ်လုံးလျှင် ကျပ် ၄၀၀၀၀ ၊ VIP တည်းခိုဆောင် အခန်းတစ်ခန်းလျှင် ကျပ် ၇၀၀၀၀ ဖြင့် တည်းခိုနိုင်သည့် အပန်းဖြေ လေ့လာချင်စရာကောင်းသော အထင်ကရနေရာတစ်ခု ဖြစ်တာကြောင့် ကြည်လင်အေးမြသော မန်းချောင်းရေကိုချိုး၍ တောတောင်ရေမြေနှင့် သဘာဝအလှအပတရားများကို ဆင်စီးပြီး လေ့လာခံစားခြင်း၊ ဆင်လိမ္မာလေးများရဲ့ ထူးခြားပြီးဆန်းသစ်တဲ့ ကပြဖျော်ဖြေမှုများနှင့်အတူ အခြား ထူးခြားတဲ့အစီအစဉ်သစ်များနဲ့ တင်ဆက်သွားမှာဖြစ်လို့ လာရောက်အပန်းဖြေကြည့်ရှုလေ့လာနိုင်ကြရန် မန်းချောင်းအပန်းဖြေဆင်စခန်းမှ ဖိတ်ခေါ်လိုက်ရပါတော့သည်။

ဇေယျာထက်(မင်းဘူး)