မြိတ် အောက်တိုဘာ ၁၁
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများကို နိုင်ငံတစ်ဝန်းတွင် အောက်တိုဘာ (၁)ရက်နေ့မှစတင်၍ အိမ်တိုင်ရာရောက်ကောက်ယူလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ စာရင်းစစ်/စာရင်းကောက်များမှ ရပ်ကွက်/ကျေးရွာများအလိုက် စာရင်းကောက်ကွက်များတွင် စာရင်းကောက်ယူဆောင်ရွက်နေမှုများအား ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်သူများအား စာရင်းစစ်/စာရင်းကောက်များမှ အိမ်အကြောင်းအရာမေးခွန်းများနှင့် လူဦးရေဆိုင်ရာ အချက်အလက်မေးခွန်းများ မေးမြန်း၍ စာရင်းကောက်ယူဆောင်ရွက်နေမှု လျက်ရှိသည့် ရပ်ကွက်/ကျေးရွာ စာရင်းကောက်ကွက်များသို့ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော် နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြပြီး စာရင်းစစ်/စာရင်းကောက်များအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြသည်။
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းကဏန်းအချက်အလက်များကိုရရှိရန် ရည်ရွယ်ချက်ဖြင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကာ အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာအချက်အလက်များ မေးမြန်းကောက်ယူလျက်ရှိကြသည်။
ထိုသို့ သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို မြိတ်ခရိုင်နှင့်မြိတ်မြို့နယ် သန်းခေါင်စာရင်းကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများကကြီးကြပ်၍ ဆောင်ရွက်လျက်ရှိကြသည်။ မြိတ်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာများအလိုက် သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၅၀၇) ကွက်ရှိပြီး ပြည်သူများအား စာရင်းကောက်အဖွဲ့များမှ စာရင်းကောက်ယူဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ(၁)ရက်နေ့မှ (၉)ရက်နေ့အထိ ကောက်ကွက် (၂၂၀)၊ အိမ်ထောင်စုပေါင်း (၃၅၃၇၆)စု၊ လူဦးရေပေါင်း(၁၆၆၃၄၆)ဦးကို စာရင်းကောက်ယူဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)