ကြံခင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို  ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုအားပေး

ကြံခင်း အောက်တိုဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ ကိုအင်းကျေးရွာတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်နေ့ နေ့လယ်ပိုင်းက ခရိုင်/ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးကြသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များက သက်ဆိုင်ရာကောက်ကွက်များရှိ မိသားစုဝင်များ၏ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား Mobile Tablet များအသုံးပြု၍ သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းများ မေးမြန်းကောက်ယူနေမှုများအား ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များက  လိုက်လံကြည့်ရှုအားပေးကြကာ သန်းခေါင်စာရင်းကောက်ယူရေး အဖွဲ့များအား အချိုရည်များပေးအပ်ခဲ့သည်။ အလားတူမြို့ပေါ်ရပ်ကွက်များရှိ သန်းခေါင်စာရင်း ကောက်ကွက်များအား မြို့နယ်သန်းခေါင်စာရင်း ကော်မတီမအဖွဲ့များမှလည်း သက်ဆိုင်ရာ ကောက်ကွက်များသို့သွားရောက်ကာ အားပေးကူညီခြင်း၊ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့တို့က ပူးပေါင်း၍ အစဉ်ပြေချောမွေ့စေရေး ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိသည်။

ကြံခင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ရပ်ကွက် (၅)ခု၊ ကျေးရွာအုပ်စု (၃၀)အုပ်စုရှိ ကျေးရွာပေါင်း (၂၅၁)ရွာ၌ ကောက်ကွက်ပေါင်း (၂၇၆)ကွက်တွင် စာရင်းစစ်၊ စာရင်းကောက်(၁၁၀)ဦးဖြင့် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၉ ရက်နေ့အထိ ကောက်ကွက် ၂၀၇ ကွက်တွင် ကျား ၂၆၇၈၆ ဦး၊ မ ၃၂၅၇၇ ဦး စုစုပေါင်း ၅၉၃၆၃ ဦး ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ထံမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)