ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးသည့်  မြန်မာနိုင်ငံသား (၃) ဦးအား နွေးထွေးစွာ ပြန်လည်ကြိုဆို

မြဝတီ အောက်တိုဘာ ၁၁

ထိုင်းနိုင်ငံ၊  လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေးဝန်ကြီးဌာန  လက်အောက်ရှိ Chiang Rai တွင် လက်ခံစောင့်ရှောက်ထားသူများအနက် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်အတည်ပြုချက်ရရှိပြီး လူကုန်ကူးခံရသူအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား မဲဆောက်မြို့၊ တပ်(ခ်)ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာသို့ လွှဲပြောင်းပေးအပ်သည်။

ထို့သို့လွှဲပြောင်းပေးအပ်ရာတွင် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနမှ Miss. Jiraporn Khumput ဦးဆောင်သော သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ အဆိုပါအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန (ယာယီလက်ခံစောင့်ရှောက်ရေး ဂေဟာ)မှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်ခင်နွယ်နွယ်ရီ၊ အမှတ်(၁)  လူကုန်ကူးမှု  တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မြဝတီ)မှ   ဒုတိယရဲမှူး သက်ဇော်ထွန်း၊  လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး  ဦးစောအာသာတို့က လွှဲပြောင်းပေးအပ်မှုကို  လက်ခံဆောင်ရွက်ခဲ့သည်။

ယင်းသို့  လွှဲပြောင်းလက်ခံထားသည့်  အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့အား   မြဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမင်းမင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်  မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များက နွေးထွေးစွာကြိုဆိုအားပေးစကားပြောကြားပေးပြီး  ယာယီလက်ခံ စောင့်ရှောက်ရေးဂေဟာတွင် ခေတ္တစောင့်ရှောက်ထားရှိကာ    ၎င်းတို့၏နေရပ်အသီးသီးသို့  ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း  သိရသည်။

ဇာဖြူဝင်း(မြဝတီ)