ဟုမ္မလင်းမြို့နယ်တွင် အခြေခံစက်ချုပ်သင်တန်းအမှတ်စဥ် (၃/၂၀၂၄-၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ဟုမ္မလင်း အောက်တိုဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းအမှတ်စဥ် (၃/၂၀၂၄-၂၀၂၅) သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ(၃)နာရီက ဟုမ္မလင်းမြို့နယ်၊ ကက်သာစံပြကျေးရွာ ဇီဝမာရ်ပြေဘုန်းတော်ကြီးကျောင်း၊ သမဏသုခကာရီဆွမ်းစားကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ဟုမ္မလင်းမြို့နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဦးလှဆိုင်းက ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝစဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ကျေးလက်နဲ့ မြို့ပြပြည်သူများ ဝင်ငွေတိုးပွားစေရေး၊ မိမိတို့ဘဝလုံခြုံမှုအတွက် အထောက်အပံ့ကောင်းများ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသား/ သူ (၂၀) ဦးအား ဟုမ္မလင်းမြို့နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဦးလှဆိုင်းနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး၊ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါသင်တန်းကို စက်တင်ဘာလ (၁၉) ရက်နေ့မှ အောက်တိုဘာလ (၉) ရက်နေ့အထိ သင်တန်းနည်းပြဆရာ/ မများက ချိတ်ထမီချုပ်နည်း၊ အင်္ကျီချုပ်တိုင်းနည်း၊ အခြေခံစက်ချုပ်ရိုး (၁၂) မျိုးတို့ကို စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း၊ သင်တန်းသား/ သူများ၏ လက်ရာများကို တာဝန်ရှိသူများက စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)