ဟင်္သာတ အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဇလွန်မြို့နယ် အဗျည်းလယ်ဦး စံပြကျေးရွာ၌ တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်း (အခြေခံ)သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ ဘိုးဘွားရိပ်သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာထွေးက ခေတ်မီကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ မိသားစု ဝင်ငွေတိုးရေး ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအကြောင်းနှင့် ယခုလို စီမံကိန်းသင်တန်းများ ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အဗျဥ်းလယ်ဦးစံပြကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က မိမိတို့ဒေသအတွင်း စီမံကိန်းသင်တန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်း( အခြေခံ)သင်တန်းကို သင်တန်းသား ၁၁ ဦးဖြင့် အောက်တိုဘာ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၁၅ ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ထူးချွန်သင်တန်းသား ၅ ဦးတို့အား လုပ်ငန်းသုံးစက်ပစ္စည်းအစုံဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရေး သက်ဆိုင်ရာဌာနမှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)