မြိတ် အောက်တိုဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုလောမြို့နယ်၊ ကျောက်တောင်ရွာမှ မြိတ်မြို့သို့ ယာယီနေရာပြောင်းရွှေ့ ပညာသင်ကြားနေကြသည့် မွန်တိုင်းရင်းသား ကျောင်းသား/ သူများအား ရာမညနိကာယမွန်ကျောင်းတွင် ဆန်၊ ဆီ၊ ရိက္ခာများကို ယနေ့ နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာက အားပေးစကားပြောကြားပြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်တို့က ယာယီနေရပ်ပြောင်းရွှေ့မုန်တိုင်းရင်းသား ကျောင်းသား/ သူများအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ထောက်ပံ့သည့် ဆန်အိတ် (၆၀) နှင့် ဆီပိဿာ (၅၀) ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် မွန်လုပ်ငန်းရှင်များအသင်းက လှူဒါန်းသည့် အလှူငွေကျပ်သိန်း (၄၀) ကို အလှူရှင်တစ်ဦးက ပေးအပ်လှူဒါန်းရာ တိုင်းရင်းသားရေးရာဝန်ကြီးက လက်ခံရယူပြီး ကျောင်းသား/သူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ မြိတ်မြို့သို့ ယာယီနေရာပြောင်းရွှေ့ ပညာသင်ကြားနေကြသည့် မွန်တိုင်းရင်းသား ကျောင်းသား/သူများတွင် အထက်တန်း(၇၄)ဦး၊ အလယ်တန်း(၄၇)ဦးနှင့် မူလတန်း (၂)ဦးရှိကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )