အုတ်တွင်းမြို့နယ်၌ အထူးကုဆရာဝန်ကြီးနှင့် ဆေးအဖွဲ့များ နယ်လှည့်ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

အုတ်တွင်း အောက်တိုဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ခရိုင်ကုသရေးဦးစီးဌာနမှူးဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ သမားတော်ကြီးများနှင့် ဆေးအဖွဲ့များသည် ယမန်နေ့ နံနက် ၉ နာရီအချိန်က အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့တိုက်နယ်ဆေးရုံတွင် နယ်လှည့်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျွဲပွဲမြို့ရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများခံယူနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးလျက်ရှိပြီး အဖွဲ့ဝင်ပေါင်း (၃၂) ဦးပါဝင်သော ဆေးအဖွဲ့များဖြစ်သည့် တောင်ငူပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့် ဒုတိယဆေးရုံအုပ်ကြီး၊ အရိုးနှင့် ထိခိုက်ဒဏ်ရာအထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ အကြောအဆစ်အထူးကုဆရာဝန်ကြီး၊ နား/နှာခေါင်း/လည်ချောင်း အထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီး၊ ရောဂါဗေဒအထူးကုဆရာဝန်ကြီး၊ အရေပြားရောဂါအထူးကုဆရာဝန်ကြီး၊ သွားနှင့် ခံတွင်းအထူးကုဆရာဝန်ကြီး၊ ဓာတ်မှန်အထူးကုဆရာဝန်ကြီးများနှင့် ဆေးပေးဝန်ထမ်းများအဖွဲ့တို့မှ ကျွဲပွဲမြို့ရှိ ဒေသခံပြည်သူ ကျား (၁၅၃)ဦး၊ မ (၂၇၆)ဦး၊ စုစုပေါင်း (၄၂၉) ဦးအား ဆေးဝါးအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် အဆိုပါ ဆေးဝါးအခမဲ့ကုသပေးရာသို့ အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့် အဖွဲ့ဝင်များ၊ အုတ်တွင်းမြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက သွားရောက်အားပေးဆောင်ရွက်ခဲ့ကြောင်း ကျွဲပွဲတိုက်နယ်ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)