အုတ်တွင်း အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီအချိန်က အ.ထ.က(တပ်နယ်)ကျောင်းတွင်လည်ကောင်း၊ မွန်းလွဲ (၁) နာရီအချိန်တွင် အ.လ.က (ခွဲ) ပဲခူးလမ်းကျောင်းများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာဆိုင်ရာ အသိပညာပေးအကြောင်းအရာများ ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာက စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကလေးများအား ကိုယ်ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရန်ရည်ရွယ်ကာ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်၍ ကလေးငယ်များအား ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြင်ပြောပြခြင်းများဆောင်ရွက်ခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)