စစ်ကိုင်းမြို့တွင် အမျိုးသမီးများ ဝင်ငွေတိုးပွားစေရေး အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်း အောက်တိုဘာ ၉

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အမျိုးသမီးများ အိမ်တွင်းမှုအသက်မွေးဝမ်းကြောင်းပညာဖြင့် မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်ရည်ရွယ်၍ ဖွင့်လှစ်သည့်အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေလျှံစိုးက အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားလာစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ နေ့စဉ်ဖြတ်သန်းနေရတဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမတည်ငွေ အထောက်အပံ့ရရှိရန် ရည်ရွယ်ပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများရဲ့ အလုပ်အကိုင်အခွင့်အလမ်းများပါ ဖန်တီးပေးနိုင်မှာဖြစ်ပြီး ကျေးလက်နဲ့မြို့ပြ ပြည်သူများ ဝင်ငွေတိုးပွားရေးကို အထောက်အကူဖြစ်စေ မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာစိုးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးက သင်တန်းမှရှိသည့် ထုတ်ကုန်ပစ္စည်းများအား သင်တန်းသူများထံပေးအပ်ခဲ့သည်။အခြေခံစက်ချုပ်နည်းပညာသင်တန်းတွင် သင်တန်းသား (၁၅) ဦးဖြင့် သင်တန်းကာလ(၁)လ စာတွေ့/ လက်တွေ့သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်