ပုသိမ် အောက်တိုဘာ ၉
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ဗဟိုအဆင့်) ဝင်ရောက်ယဉ်ပြိုင်ရန်အတွက် ပြိုင်ပွဲဝင်များအား ပုသိမ်တက္ကသိုလ် စံပယ်ဆောင်၊ မြကန်သာခန်းမတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ပြိုင်ပွဲဝင်များ၏ အရည်အချင်းစစ်ဆေးနေမှုများကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါသနာရှင်ပထမတန်း(အမျိုးသား) အရေးပြိုင်ပွဲ၊ အခြေခံပညာ(၁၅-၂၀)အမျိုးသမီး အရေးပြိုင်ပွဲ၊ ဝါသနာရှင်ဒုတိယတန်း(အမျိုးသား) အရေးပြိုင်ပွဲ၊ အဆင့်မြင့်ပညာ(အမျိုးသား) အရေးပြိုင်ပွဲဝင်များ၏ အရည်အချင်းစစ်ဆေးနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ အခြေခံပညာ (၁၀-၁၅)(အမျိုးသား) ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်၊ အခြေခံပညာ (၁၀-၁၅)(အမျိုးသား)ဆိုင်းတစ်ဦးချင်းနှင့် အခြေခံပညာ(၁၀-၁၅)(အမျိုးသမီး) ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်တို့၏ အရည်အချင်းစစ်ဆေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အကဲဖြတ်အဖွဲ့များ၏ အကြံပြုသုံးသပ်ချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကာ သယံဇာတရေးရာဝန်ကြီးမှ ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး၊ ခရိုင်လမ်းဦးစီးဌာန၊ တံတားအထူးအဖွဲ့၊ လမ်းအထူးအဖွဲ့များနှင့်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ ဇူလလိုင်လနှင့် ဩဂုတ်လများတွင် မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ မြစ်ရေမြင့်တက်ခြင်းဖြစ်စဉ်များကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်၍ လမ်းတံတားများပျက်စီးခဲ့ပါကြောင်းနှင့် ထိုပျက်စီးခဲ့သည့် လမ်းတံတားများအား အချိန်မီပြင်ဆင်ကြရန်နှင့် ပွင့်လင်းကာလ ခရီးသွားရာသီအမီ ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လမ်းတံတားများ ပြုပြင်တည်ဆောက်ရာတွင် အရည်အသွေးကောင်းမွန်ရေးကို အဓိကထားဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ခွဲဝေချထားပေးသည့် ရန်ပုံငွေနှင့်ညီမျှသည့် လမ်းတံတားများဖြစ်ရန်လိုပါကြောင်း၊ လမ်းတံတားများ အချိန်မီ တည်ဆောက်ပြုပြင်နိုင်ရန်အတွက် တင်ဒါခေါ်ယူရေးကိစ္စများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တည်ဆောက်ပြီးသည့် လမ်းတံတားများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးလမ်းဦးဌာန၊ ညွှန်ကြားရေးမှူးက လမ်းဦးစီးဌာနမှ လမ်းအထူးအဖွဲ့ ခရိုင်အလိုက် လမ်းအရေအတွက်နှင့် လမ်းအမျိုးအစားအခြေအနေများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အထူးအဖွဲ့ ခရိုင်အလိုက် တံတားစာရင်းများနှင့် မိုးရွာသွန်းမှုများပြားသောကြောင့် လမ်းပျက်စီးမှုများအပေါ် ပြန်လည်ပြုပြင်ရန်အတွက် ပြည်ထောင်စု(ဖြည့်စွက်)ရန်ပုံငွေ တင်ပြတောင်းခံထားမှုအခြေအနေအားလည်းကောင်း၊ ကြီးကြပ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(ဧရာဝတီ)၏ (ပြည်ထောင်စုငွေလုံးငွေရင်း၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း/ ပြင်ဆင်ထိန်းသိမ်းခြင်း) ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်မှုအားလည်းကောင်း၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)ညွှန်ကြားရေးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု/လမ်းကြီးကြပ်အပ်နှံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တံတားလုပ်ငန်းများအားလည်းကောင်း၊ တံတားအထူးအဖွဲ့(၁၁)နှင့် (၁၅)တို့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် တံတားလုပ်ငန်းများ၏ ရန်ပုံငွေရရှိမှုများအားလည်းကောင်း၊ ခရိုင်လမ်းဦးစီးဌာနများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြုပြင်တည်ဆောက်သွားမည့် လမ်းပိုင်းအခြေအနေများအားလည်းကောင်း ရှင်းလင်းပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)