ဒေးဒရဲ အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သုံးဒါတ်ကျေးရွာအုပ်စု၊ တံတားချောင်ကျေးရွာရှိ ပြည်သူများ သဘာဝဘေးအန္တရာယ်များဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ်ခိုလှုံနိုင်စေရေးရည်ရွယ်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံ ငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ဘက်စုံသုံးဘေးဒဏ်ခိုလှုံရာ အဆောက်အဦ (Cyclone Shelter)လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီ အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလွှဲပြောင်းပေးအပ်ခြင်းကို ဖျာပုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းပပကျော်က မြို့နယ်ပညာရေးမှူး ဦးလှစိုးထံသို့ ကော်မတီဝင်များ ရှေ့မှောက်တွင် (Cyclone Shelter)နှင့် ပတ်သက်သည့်လုပ်ငန်း အချက်အလက်များ၊ စာချုပ်စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘက်စုံသုံးဘေးဒဏ်ခိုလှုံရာ အဆောက်အဦအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေ (၂၅၉.၅၀) ကျပ်သန်းဖြင့် (၂၀၂၃) ခုနှစ်၊ မတ်လ (၁၀) ရက်နေ့မှစတင်၍ အလျား (၆၆)ပေ၊ အနံ (၆၆)ပေ၊ အမြင့် (၃၃) ပေရှိ R.C.C Building အမျိုးအစား (Cyclone Shelter)အား သတ်မှတ်အရည်အသွေးများနှင့်အညီ တည်ဆောက်ခဲ့ရာ (၂၀၂၄) ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ကျေးရွာနေပြည်သူများ သဘာဝဘေးဒဏ်ခိုလှုံရာနေရာအဖြစ်လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး အဆောက်အဦးအဖြစ် အသုံးပြုနိုင်စေရေး လျှပ်စစ်မီး၊ သောက်ရေ၊ သုံးရေနှင့်သန့်စင်ခန်းများပါဝင်သည့် ဘက်စုံသုံးဘေးဒဏ်ခိုလှုံရာအဆောက်အဦသစ်အား အခြေခံပညာဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း