ကြံခင်း အောက်တိုဘာ ၉
အောက်တိုဘာ ၁ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်းတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ရှိ ကောက်ကွက် ၂၇၆ ကွက်တွင် ၁၈၁ ကွက်ပြီးစီး၍ ကျန်ရှိကောက်ကွက်များအား ဆက်လက်ကွင်းဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များက သက်ဆိုင်ရာကောက်ကွက်များရှိ မိသားစုဝင်များ၏ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်းစာရင်းအား Mobile Tablet များအသုံးပြု၍ သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းများ မေးမြန်းကောက်ယူနေမှုများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အစဉ်ပြေချောမွေ့စေရေး ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့တို့က ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ကြံခင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ရပ်ကွက် (၅)ခု၊ ကျေးရွာအုပ်စု (၃၀)အုပ်စုရှိ ကျေးရွာပေါင်း (၂၅၁)ရွာ၌ ကောက်ကွက်ပေါင်း (၂၇၆)ကွက်တွင် စာရင်းစစ်၊ စာရင်းကောက် (၁၁၀)ဦးဖြင့် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၈ ရက်နေ့အထိ ကောက်ကွက် ၁၈၁ ကွက်တွင် ကျား ၂၃၆၂၁ ဦး၊ မ ၂၈၇၅၆ ဦး၊ စုစုပေါင်း ၅၂၃၇၇ ဦး ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်သန်းခေါင်းစာရင်းကော်မတီအဖွဲ့ထံမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)