စစ်ကိုင်း စက်တင်ဘာ ၉
စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ စစ်ကိုင်းမြို့ရှိ အခြေခံပညာကျောင်းများ စိမ်းလန်းစိုပြည်သောကျောင်း အခြေခံစံနှုန်းနှင့်ကိုက်ညီမှု ရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာ ကျောင်းများတွင် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သတ်မှတ်ထားသော အခြေခံစံနှုန်း (၄) ချက်ပါဝင်သည့် ကျောင်း၏ အခြေအနေနှင့် လိုက်လျောညီထွေရှိသည့် အစီအစဉ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရမည့် ဆောင်ပုဒ်၊ ပန်းချီ၊ ကဗျာ၊ ကာတွန်းများကို အတန်းအလိုက် ရေးဆွဲထားရှိမှုများ၊ အရိပ်ရသစ်ပင်၊ စားသုံးပင်စိုက်ပျိုးထားရှိမှု အခြေ အနေများကို တာဝန်ရှိသူများက ပထမအကြိမ် လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ဆွေးနွေးပေးခဲ့ကြသည်။
ဆက်လက်၍ အဆိုပါအဖွဲ့များသည် စစ်ကိုင်းမြို့ ပါရမီရပ်ကွက်ရှိ အမှတ် (၂၂) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) သို့ သွားရောက်၍ အခြေခံစံနှုန်းများနှင့် ကိုက်ညီမှု ရှိ/ မရှိ တို့ကိုလည်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်