ပေါင်းတည် အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ခြံဌာနခွဲ၌ အရည်အသွေးမြင့် စပါးမျိုးစေ့ထုတ်လုပ် စိုက်ပျိုး၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မျိုးသန့်ခြံအတွင်း စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိသောမျိုးသန့် မျိုးပွား မျိုးစေ့ထုတ် (RS) စိုက်ခင်းများရှိ ရင့်မှည့်လျက်ရှိသည့် မျိုးစပါးပင်များအား စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးမင်းနှင့်မျိုးသန့်ခြံ တာဝန်ခံ ဒေါ်ဌေးဌေးတင်တို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ပေါင်းတည်မြို့နယ် မျိုးသန့်ခြံ ဌာနခွဲ၌ မျိုးစေ့ ထုတ်စိုက်ခင်း စိုက်ပျိုးမှု ဧက ၆၀ကျော် စိုက်ပျိုးထားရှိကြောင်းသိရပြီး အဆိုပါ မျိုးသန့်မျိုးပွားမျိုးစေ့များ ထုတ်လုပ်နိုင်ရန်အတွက် မျိုးပွားမျိုးစေ့ (F.S)မျိုးစေ့ကို အသုံးပြုကာ ဘောင်စနစ်ဖြင့် ပျိုးထောင်ရကြောင်း၊ စိုက်ပျိုးရာ၌ မျိုးနှင့်အနေအထားအလိုက် (၈လက္မ×၆လက္မ)( ၈လက္မ ×၈လက္မ) (၈လက္မ×၈လက္မ)စသည့်ကောက်ကွက်ဖြင့် တစ်ကွက်လျှင် ၂ပင်၊ ၃ပင် စိုက်ပျိုးရ ကြောင်း၊ ၆ တန်းလျှင် ၁ တန်းပြုလုပ်သည့်စနစ် ကျင့်သုံးရကြောင်း၊ မျိုးကွဲနှုတ်ပယ်ခြင်းကို အပင်သက်တမ်းအလိုက် အမြဲဆောင်ရွက်ကာပင်ပွားစုံချိန်၊ ပန်းပွင့်ချိန်နှင့်ရင့်မှည့်ချိန်များတွင် ကွင်းဆင်းစစ်ဆေးရကြောင်း၊ ရိတ်သိမ်းချိန်တွင်ချွေလှေ့ခြင်း၊ သန့်စင်ခြင်းကိုစနစ်တကျ ကိုင်တွယ်ဆောင်ရွက်ရကြောင်းသိရပြီး သန့်စင် အခြောက်ခံ သိုလှောင်သိမ်းဆည်းခြင်းကိုလည်း စနစ်တကျ ဆောင်ရွက်ထားရကြောင်း တာဝန်ခံ ဒေါ်ဌေးဌေးတင်က ရှင်းပြသည်။
အဆိုပါ ထုတ်လုပ်ထားသော မျိုးစေ့စပါးများ၌ အနည်းဆုံးမျိုးသန့်စင်မှု ၉၈ ရာခိုင်နှုန်း၊ အပင်ပေါက်နှုန်း ၈၅ ရာခိုင်နှုန်းနှင့် အစိုဓာတ် ၁၃ ရာခိုင်နှုန်းပါဝင်ကြောင်းသိရှိရပြီး ထိုအထွက်ကောင်း မျိုးကောင်းမျိုးသန့်စပါးမျိုးစေ့များကို တောင်သူများအတွက်စိုက်ပျိုးချိန်များ အတွင်းအချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)