ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါးသီးနှံ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီး

ပွင့်ဖြူ  အောက်တိုဘာ  ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်းဆန်စပါးစားနပ်ရိက္ခာ ဖူလုံစေရန်နှင့်တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် တစ်မြို့နယ်လုံး မိုးစပါးသီးနှံဧက ၆၉၉၄၄ ဧကလျာထား စိုက်ပျိုးဆောင်ရွက်ခဲ့ရာ ဒေသခံတောင်သူများ၏ ကြိုးပမ်းစိုက်ပျိုးခဲ့မှုကြောင့် စက်တင်ဘာလကုန်တွင် သတ်မှတ်လျာထား ဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက ၆၉၉၄၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ပြီး ဒေသခံတောင်သူများက  သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီးစီးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် ဇူလိုင်လဆန်းကစပြီး မိမိတို့၏ လယ်ယာမြေများအား တောင်သူလုပ်ငန်းသုံး ကျွဲနွားများနှင့် လယ်ယာသုံး စက်ကိရိယာများကို အသုံးပြု၍ ကြိုးပမ်း စိုက်ပျိုးဆောင်ရွက်ခဲ့သဖြင့် စက်တင်ဘာလကုန်တွင် မိုးစပါးသီးနှံ စိုက်ဧက ၆၉၉၉၉ ဧက စိုက်ပျိုးနိုင်ခဲ့ သည့်အတွက် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။ ထိုသို့ ဒေသခံ တောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်း မကြီးတို့မှတစ်ဆင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးလယ်ယာမြေများအရောက် စနစ်တကျဖြန့်ဝေပေးသည့်အပြင် စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးအတွက် စိုက်ပျိုးရေ စနစ်တကျသုံးစွဲနည်းစနစ်များကို တောင်သူများ သိရှိလိုက်နာနိုင်ရေး အသိပညာပေး ဆွေးနွေးဟောပြော ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း မိုးစပါးသီးနှံဧက ၆၉၉၄၄ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုး ပြီးစီးမှုဧက ၆၉၉၉၉ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ယခုနှစ် မိုးစပါးစိုက်ပျိုးခြင်းကိုတော့ ဇူလိုင်လဆန်းကစပြီး ဒေသခံတောင်သူတွေက စိုက်ပျိုးဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ မိုးစပါးသီးနှံစိုက်ပျိုးရာမှာလဲ တောင်သူတစ်ဦးချင်းအလိုက် သီးနှံအထွက်နှုန်း တိုးတက်စေဖို့အတွက် ဝန်ထမ်းများက သက်ဆိုင်ရာနယ်မြေအလိုက် တောင်သူတွေကို ကွင်းဆင်းကြီးကြပ်ပြီးတော့ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးကြဖို့၊  စိုက်နည်းစနစ်နဲ့ သွင်းအားစုပစ္စည်း သုံးစွဲနည်းစနစ်တွေ မှန်ကန်စွာ အသုံးချဆောင်ရွက်နိုင်ဖို့အတွက် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် နိုင်ငံတော်အစိုးရက ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး အတွက် ဓာတ်မြေဩဇာများကို သက်သာသောဈေးနှုန်းနဲ့ ဖြန့်ဖြူးရောင်းချပေးပြီး သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်လယ်မြေများ ထိခိုက်ပျက်စီးခဲ့တဲ့ ကျေးရွာတွေက တောင်သူတွေကိုလည်း ရတနာတိုးစပါးမျိုးစေ့များကို ထောက်ပံ့ပေးခဲ့ပါတယ်။ တောင်သူတွေ အဓိက စိုက်ပျိုးတဲ့ စပါးမျိုးတွေကတော့ ဆာဖိုးသာ၊ ဧရာမင်း၊ ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ဧရာပဒေသာ၊ ပေါ်ဆန်းရင်၊ ပခန်းရွှေဝါ၊ ချမ်းမြေ့မေ၊ ဆင်းသိင်္ဂီစတဲ့ စပါးမျိုးတွေကို စိုက်ပျိုးကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။  

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဒေသတွင်း ဆန်စပါး စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါး၊ ဖူးစားပြောင်း၊ နှံစားပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ချည်မျှင်ရှည်ဝါသီးနှံ၊ ပဲမျိုးစုံသီးနှံနှင့် အခြားစားဖိုဆောင် သီးနှံမျိုးစုံတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရပြီး ယခုနှစ်တွင်လည်း မိုးစပါးသီးနှံ စိုက်ပျိုး ခြင်းကို အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုးခဲ့မှုကြောင့် သတ်မှတ်လျာထားဧကထက် အောင်မြင်စွာ ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

 လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)