တနင်္သာရီ အောက်တိုဘာ ၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းများကို တနင်္သာရီမြို့နယ် နယ်နိမိတ်အတွင်း နေထိုင်သူများအား အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းမှစ၍ စာရင်းစစ်/ စာရင်းကောက်အဖွဲ့များခွဲ၍ သတ်မှတ်ထားသည့် စာရင်းကောက်ကွက်များအတွင်း အိမ်တိုင်ရာရောက် ကွင်းဆင်းကောက်ယူလျက်ရှိကြရာ ယမန်နေ့ညနေပိုင်းအချိန်တွင် အောင်မြင်စွာ စာရင်းကောက်ယူမှု ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အောက်တိုဘာလ (၁ရက်နေ့မှ၈ရက်နေ့) အထိ တနင်္သာရီမြို့ပေါ်-ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်၊ မောတောင်မြို့ပေါ်ရှိ မြို့မရပ်ကွက်၊ အမှတ် (၁) ရပ်ကွက်နှင့်အမှတ် (၂) ရပ်ကွက်နှင့် အမှတ် (၃၀၆) အမြှောက်တပ်ရင်း၊ အမှတ် (၅၅၆) ခြေမြန်တပ်ရင်း၊ အမှတ် (၅၅၇) ခြေမြန်တပ်ရင်း၊ အမှတ် (၅၅၈) ခြေမြန်တပ်ရင်း၊ အမှတ်(၅၆၁) ခြေမြန်တပ်ရင်းတို့ရှိ ကောက်ကွက် (၂၆) ကွက်တို့၌ အိမ်ခြေ (၂၁၇၀) လုံး၊ အိမ်ထောင်စု (၂၃၁၇) စု၊ လူဦးရေ ကျား (၅၃၇၉) ဦး၊ မ (၅၃၁၅) ဦး၊ ပေါင်း (၁၀၆၉၄) ဦးအား ကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို တာဝန်ကျစာရင်းစစ်/ စာရင်းကောက်များနှင့် အထောက်အကူပြုအဖွဲ့များက အိမ်တိုင်ရာ ရောက် ကွင်းဆင်း၍ စာရင်းကောက်ယူနေမှုကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်ခေါင်၊ အတွင်းရေးမှူး ဦးညွန့်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းအောင်နှင့် ကော်မတီအဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို တနင်္သာရီမြို့ပေါ်မှ ရပ်ကွက် (၂) ကွက်နှင့် မောတောင်မြို့၌ ရပ်ကွက် (၃) ကွက်၊ ပေါင်း (၅) ရပ် ကွက်အတွင်းရှိ ကောက်ကွက် (၂၆) ကွက်၌ စာရင်းစစ် (၃) ဦးနှင့် စာရင်းကောက် (၁၂) ဦး၊ ပေါင်း (၁၅) ဦးတို့က အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ပြီးဆုံးသည်အထိ စာရင်းကောက်ယူပေးခဲ့ကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)