ပွင့်ဖြူ အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို တိကျမှန်ကန်စွာ စာရင်းကောက်ယူနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက စာရင်းကောက်ကွက် (၂၄) နေရာသို့ သွားရောက်၍ တစ်အိမ်တက်ဆင်း စာရင်းများ ဆက်လက်ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူခြင်းကို စာရင်းစစ်၊ စာရင်းကောက်အဖွဲ့(၂၄)ဖွဲ့က အဖွဲ့ခွဲ၍ စာရင်းကောက်ကွက်(၂၄)နေရာတွင် လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် မြို့နယ်အတွင်း နေထိုင်သောသူများ၏ လူဦးရေဆိုင်ရာ အချက်အလက်များအား ပြည်သူများထံအရောက် သွားရောက်ပြီး Mobile Tablet ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviews - CAPI ) နည်းပညာဖြင့် မေးခွန်း (၆၈) ခု ပါဝင်သော အိမ်ထောင်စုမေးခွန်းပုံစံနှင့် မေးခွန်း (၁၈) ခုပါဝင်သော အဖွဲ့အစည်းမေးခွန်းပုံစံများ အသုံးပြု၍ တစ်အိမ်တက်ဆင်း မေးမြန်းကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ သန်းခေါင်စာရင်း ကောက်ယူနေမှုများကို မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အချက်အလက်စာရင်းများ မှန်မှန်ကန်ကန်ကောက်ယူနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၅၂)အုပ်စုရှိ စာရင်းကောက်ကွက်ပေါင်း(၃၀၀)တို့တွင် စာရင်းစစ်၊ စာရင်းကောက် (၁၁၃)ဦးတို့က အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကာ အောက်တိုဘာ(၈)ရက်နေ့အထိ စာရင်းကောက်ကွက်(၁၂၂)ခု ၊ အိမ်ထောင်စုပေါင်း(၁၇၀၀၃)စု ၊ လူဦးရေပေါင်း (၆၀၀၇၅)ဦး တို့ကို စာရင်းများ ကောက်ယူပြီးစီးပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )