ပခုက္ကူ အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သီတင်းကျွတ်မီးပုံးနှင့်ကလေးကစားစရာအရုပ်များ သီတင်းကျွတ်ကာလမတိုင်မီကပင် ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
သီတင်းကျွတ်မီးပုံးနှင့်ကလေးကစားစရာအရုပ်များ ရောင်းချရာတွင် မီးပုံး၊ မီးဆိုင်းများကို ငွေကျပ် ၁၀၀၀မှ ၂၅၀၀၊ ကလေးကစားစရာအရုပ်များဖြစ်သည့် ယုန်ရုပ်ကို ငွေကျပ် ၂၀၀၀၊ ဆင်ရုပ်ကို ငွေကျပ် ၃၀၀၀၊ တိုက်လေယာဉ်ရုပ်ကို ငွေကျပ် ၂၀၀၀မှ ၃၀၀၀၊ သင်္ဘောရုပ်(အကြီး၊ အလတ်၊ အသေး)များ အလိုက် ငွေကျပ် ၃၀၀၀မှ ၁၅၀၀၀တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သီတင်းကျွတ်မီးပုံးနှင့်ကလေး ကစားစရာအရုပ်များ ဖန်တီးပြုလုပ်ရန်အတွက် ဝါခေါင်လမှ စတင်ကာ မှန်ရောင်စက္ကူရွက်နှင့် ဆီစိမ်ကြမ်းစက္ကူရွက်များ ဝယ်ယူရကြောင်း၊ မှန်ရောင်စက္ကူများအနေဖြင့် ဝါ၊ စိမ်း၊ နီ၊ ပြား၊ ပန်းနု၊ ပန်းဆီစသဖြင့် အရောင်မျိုးစုံရှိကြောင်း၊ အရုပ်မျိုးစုံ ၅၀၀ခန့် ဖန်တီးပြုလုပ်မည်ဆိုပါက အရင်းအနှီးငွေကျပ် ၅သိန်းနှင့် ၆သိန်းကြား ကုန်ကျကြောင်း၊ လက်ရှိအချိန်တွင် ယုန်ရုပ်နှင့်လေယာဉ်ရုပ်များ ပိုမိုရောင်းချရပြီး ပုံမှန်အားဖြင့် မီးပုံး၊ မီးဆိုင်းများ ရောင်းအားကောင်းလျက်ရှိကြောင်း၊ ယခင်နှစ်များတွင် တစ်ရက်လျှင် ငွေကျပ် ၁ သိန်းဖိုးအထိ ရောင်းချနိုင်ခဲ့သော်လည်း လက်ရှိကာလတွင် တစ်ရက်လျှင် အများဆုံးငွေကျပ် ငါးသောင်းဖိုးအထိ ရောင်းချရကြောင်း၊ အရုပ်များကို တော်သလင်းလပြည့်ကျော် ၁ရက်နေ့မှစတင်ပြီး လာရောက်ရောင်းချခြင်းဖြစ်ကြောင်း အမှတ်(၁၀)ရပ်ကွက်မှ ကိုယ်တိုင်ပြုလုပ်ရောင်းချသူတစ်ဦးက ပြောပြသည်။
သီတင်းကျွတ်မီးပုံးနှင့်ကလေးကစားစရာအရုပ်များကို ပခုက္ကူမြို့၊ အမှတ်(၁၊ ၁၀၊ ၁၃) ရပ်ကွက်များမှ မြန်မာ့ရိုးရာလက်မှုပညာလုပ်ငန်းလုပ်ကိုင်သူများက လွတ်လပ်ရေးပန်းခြံအရှေ့ဖက် မြို့မဈေးကြီးအဝင်၊ ထင်းတန်းလမ်းတစ်လျှောက်နှင့် သီဟိုဠ်ရှင်ဘုရာကြီးလမ်းတို့တွင် အဓိကရောင်းချကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)