ကံမမြို့နယ်၌ ၂၀၂၄-ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အခက်အခဲမရှိစေရေးအတွက် ကွင်းဆင်းကြည့်ရှုအားပေး

ကံမ အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ ယမန်နေ့ နေ့လယ်က မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူရာ၌ အခက်အခဲမရှိစေရေးအတွက် ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ကံမမြို့နယ်တွင် ရပ်ကွက် (၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂) အုပ်စု၊ စုစုပေါင်း ရပ်ကွက်ကျေးရွာအုပ်စု (၅၆) အုပ်စုတို့တွင် ကောက်ကွက်ပေါင်း (၂၂၅) ကွက်ရှိရာ ယမန်နေ့ ညနေပိုင်းအထိ စုစုပေါင်းကောက်ကွက် (၁၂၇) ကွက်၌ အိမ်ထောင်စု (၁၀၉၄၃) စုနှင့် လူဦးရေ စုစုပေါင်း (၃၇၁၅၈) ဦး တို့အား စာရင်းကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့မှစတင်ပြီး အောက်တိုဘာ (၁၅) ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများ ချမှတ်ရန်အတွက် အရေးကြီးသော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များရနိုင်မည့် တစ်ခုတည်းသောစီမံကိန်းလုပ်ငန်းဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်အဖြစ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)