ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲနှင့် ပုံပြင်‌ပြောပြိုင်ပွဲ ကျင်းပ

ပေါက်ခေါင်း အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့နံနက် ၉ နာရီခွဲက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ စိတ်ကူးဉာဏ်များ ရင့်သန်စေရန်နှင့် ပြောရဲဆိုရဲသည့်သတ္တိများ ရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး ဗဟုသုတဖြစ်ဖွယ်အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ လူအများရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိရှိစေရန် ပုံပြင်ပြောပြိုင်ပွဲဆက်လက်ကျင်းပရာ အခြေခံပညာမူလတန်းကျောင်း(သဖန်းချို)ကျောင်းမှ Grade-4နှင့် Grade-5 ကျောင်းသား၊ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများကိုလည်း လက်ဆောင်ပစ္စည်းများ‌ ပေးအပ်ခဲ့‌ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)