ထားဝယ် အောက်တိုဘာ ၉
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက သန်းခေါင်စာရင်းအား အောက်တိုဘာ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ကောက်ယူရရှိခဲ့မှုနှင့်ပတ်သက်၍ စာရင်းဇယားကောက်ယူရရှိခဲ့မှုအပိုင်းတွင် အခက်အခဲများ၊ လိုအပ်ချက်များ၊ အခက်အခဲရှိသောအနေအထားများ၊ စာရင်းစစ်/ကောက်များကို ပံ့ပိုးပေးနေသော အဖွဲ့အစည်းများ၏ လိုအပ်နေသော လိုအပ်ချက်များကို ယနေ့အစည်းအဝေးတွင် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး (၁၀) မြို့နယ်ရှိ သန်းခေါင်စာရင်းအား အောက်တိုဘာ (၇)ရက်နေ့အထိ ကောက်ယူပြီးမြောက်ခဲ့ပြီး စာရင်းကောက်ယူမည့်ရက်သည် အောက်တိုဘာ (၁၅) ရက်နေ့အထိဖြစ်ကြောင်း၊ ရက်အလိုက် လုပ်ဆောင်ရမည့် ပမာဏကြည့်ပါက တစ်ရက်လျှင် ၇ ရာခိုင်နှုန်း ကောက်ယူရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် စာရင်းစစ်/ကောက်သည် (၁၀၄၅) ဦးရှိပြီး လိုအပ်ပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ညှိနှိုင်းပြီး Volunteer များအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စာရင်းကောက်သူများက စာရင်းကောက်ယူမည့် ဒေသခံပြည်သူများအား နိုင်ငံတော်က လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်အမှန်ကို ရရှိစေရန် ရည်ရွယ်၍ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ စိုးရိမ်ရန်မလိုကြောင်းနှင့် မည်သို့မျှ အရေးယူမည်မဟုတ်ကြောင်း သေချာစွာ ရှင်းလင်းပြောကြားကြရန် လိုအပ်ကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးအတွက် တက်ရောက်လာကြသူများက အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်နှင့် တိုင်းဒေသကြီးသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက သန်းခေါင်စာရင်းကောက်ယူမှုအပေါ် အားနည်းချက်၊ အားသာချက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးက ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် လုံခြုံရေးအရ ကောက်ယူရန်ခက်ခဲသည့် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ဆက်လက်ကောက်ယူမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တက်ရောက်လာသူများက ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)